04 December 2015

ဥပဒေကျောင်းသားတစ်ဦးသို့

ဆရာခင်ဗျား

သာယာဝတီ၊ လက်ပံတန်းဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အကြောင်းပြုပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ဝန်းရံပြည်သူတွေကို အရေးယူထားတာတွေရှိတယ်။ ဥပဒေအရ အမြင်နှစ်မျိုးဖြစ်နေတယ်။ တစ်မျိုးက တရားရုံးက သူ့အလုပ်သူလုပ်မယ်။ ဆုံးဖြတ်မယ်။ ဆုံးဖြတ်ပြီးမှ နိုင်ငံတော်သမ္မတက တည်ဆဲဥပဒေအရ သူ့လုပ်ပိုင်ခွင့်အရ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ အမြင်ကတစ်မျိုး။ နောက်တစ်မျိုးကတော့ အမှုစစ်ဆေးနေတုန်းမှာ အမှုကို ဆက်၍မစစ်တော့ဘဲ အမှုကိုပြန်ပြီး ရုပ်သိမ်းလိုက်ရင် ပြီးတယ်ဆိုတဲ့ အမြင်ကတစ်မျိုး အဲဒီလို နှစ်မျိုးကွဲနေတယ်လို့ ယူဆတယ်။ 

ပထမအမြင်တော့ မကြာခဏ ဒီအစိုးရခေတ်မှာ ကျင့်သုံးနေကြမို့ သိရှိပြီးလိုဖြစ်နေတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁(၁)က ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ဆိုင်းငံ့ပြီး လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့ သဘောမျိုးဖြစ်တယ်။ 

ဒုတိယအမြင်ဖြစ်တဲ့ ပြစ်မှုကိုဆက်ပြီး မစစ်တော့ဘဲ အမိန့်ချသည်အထိ မစောင့်တော့ဘဲ ရုပ်သိမ်းခွင့်ပေးရင် ရတယ်ဆိုတဲ့ အဆိုအမိန့်ကို သိချင်ပါတယ်။ တည်ဆဲဥပဒေအရ ဘယ်လိုအခြေအနေဖြစ်နိုင်တယ်ဆိုတာ ဥပဒေစာတိုက်အခန်းက ပြန်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ဥပဒေကျောင်းသားတစ်ဦး
ဒဂုံမြို့သစ်(မြောက်ပိုင်း)


(ဓာတ်ပုံ - စိုင်းဇော်)


ဥပဒေကျောင်းသားတစ်ဦးသို့

တူမောင်ပြောတဲ့ ပြဿနာကို အသံလွှင့်အစီအစဉ် (ရုပ်မြင်သံကြား အသံလွှင့်အစီအစဉ်)တစ်ခုမှာ ဆရာလည်း မြင်လိုက်ကြားလိုက်ပါတယ်။ ပထမနည်းလမ်းကိုတော့ ဝန်ကြီးတစ်ဦးက ပြောကြားလိုက်တယ်လို့ထင်ပါတယ်။ တရားရုံးက ပြစ်ဒဏ်အမိန့်ချ၊ ထောင်ပို့၊ နောက်မှ နိုင်ငံတော်သမ္မတက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁(၁)အရ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားလိုက်ပြီး လွတ်ငြိမ်းခွင့်ပေးတဲ့ နည်းဖြစ်တယ်။

ဒုတိယနည်းကိုတော့ ရှေ့နေများကွန်ရက်က ဝါရင့်ရှေ့နေကြီးတစ်ဦးက ဖြေကြားသွားတယ်လို့ မှတ်မိလိုက်ပါတယ်။ အဲဒီနည်းကတော့ အမှုကိုဆက်ပြီး စစ်နေစရာမလိုတော့ဘူး။ အမှုပြီးအောင် စောင့်နေစရာမလိုတော့ဘူး။ ဒီနည်းဟာလည်း နည်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ မှာ အောက်ပါအတိုင်း ပြဌာန်းထားပါတယ် -

၄၉၄ ။ မည်သည့်အစိုးရ ရှေ့နေမဆို ဂျူရီလူကြီးများနှင့် စစ်ဆေးစီရင်သော အမှုများတွင် ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက် မတင်ပြမီ ၄င်းအပြင် အခြားအမှုများ၌ စီရင်ချက်မချမီ လူတစ်ယောက်ကို ၄င်းအပေါ်စွဲဆိုထားသောအမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၄င်းကိုစစ်ဆေးနေသည့် ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်သည်။ ထိုကဲ့သို့ ရုပ်သိမ်းသောအခါ -

(က) စွဲချက်မတင်မီ ရုပ်သိမ်းခြင်းဖြစ်လျှင် တရားခံကို အဆိုပါပြစ်မှု သို့မဟုတ် ပြစ်မှုများနှင့် စပ်လျဉ်း၍ စွဲချက်မတင်မီ လွှတ်ရမည်။
(ခ) စွဲချက်တင်ပြီးနောက်မှ ရုပ်သိမ်းခြင်းဖြစ်လျှင် သို့မဟုတ် ကျင့်ထုံးဥပဒေအရ စွဲချက်တင်ရန် မလိုအပ်သည့်အခါ အဆိုပါပြစ်မှု သို့မဟုတ် ပြစ်မှုများနှင့် စပ်လျဉ်း၍ အမှုမှ အပြီးအပြတ် လွှတ်ရမည်။

အတိုချုပ်ပြောရရင်တော့ အမှုရဲ့ မည်သည့်အဆင့်မှာမဆို ရုပ်သိမ်းခွင့်ပြုနိုင်တယ်။ စွဲချက်မတင်မီအဆင့်မှာ ရုပ်သိမ်းခွင့်ပြုရင် တရားခံ(စွပ်စွဲခံရသူ)ကို တရားရှင်လွှတ်ပေးရမယ်။ စွဲချက်တင်ပြီးမှ ရုပ်သိမ်းခွင့်ပြုရင် တရားခံကို အမှုမှ တရားသေ (အပြီးအပြတ်) လွှတ်ပေးရမယ်။ ဝါရင့်ရှေ့နေကြီး တင်ပြသွားတာက အဲဒီ ဥပဒေပြဌာန်းချက်ကို အထောက်အထားပြုပြီး တင်ပြသွားခြင်းဖြစ်တယ်လို့ နားလည်လိုက်ပါတယ်။ အမှုအား ရုပ်သိမ်းခွင့်လျှောက်ထားတာမျိုးကို အင်္ဂလိပ်လို (Withdrawal) လုပ်တယ်လို့ခေါ်ပါတယ်။ ဘယ်သူက လျှောက်ရမလဲဆိုတော့ စွဲဆိုခဲ့တဲ့ တရားလိုက လျှောက်ထားတာ အမှန်ကန်ဆုံးပါပဲ။

ဦးအာကာ (တရားလွှတ်တော်ရှေ့နေ)
ဥပဒေစာတိုက် အမေးအဖြေ
မှုခင်းသတင်းဂျာနယ်၊ အတွဲ (၂ဝ)၊ အမှတ်(၆)၊ ၂-၁၂-၂ဝ၁၅

(ညိုကြီး ကူးယူဖော်ပြသည်)