24 December 2011

NLD will publish "D-WAVE" News Bulletin Weekly

NLD ဒီလှိုင်း အပတ်စဉ် စာစောင်ထုတ်ဝေမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီမှတ်ပုံတင်ကျပြီးက "ဒီလှိုင်း" အမည်ရှိ အပတ်စဉ်စာစောင်ကို တနင်္လာနေ့တိုင်း ဖြန့်ချိထုတ်ဝေသွားမည်ဟု သိရသည်။ ပါတီအဖြစ် တည်ထောင်ခွင့်ရပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ကျပြီးပါက ယင်းစာစောင်အား ထုတ်ဝေသွားမည်ဖြစ်သည။ ထိုစာစောင်အား မြန်မာသတင်းစာဆရာကြီးနှင့် NLD ဗဟိုကော်မတီဝင် ဟံသာဝတီဦးဝင်းတင်နှင့် စာရေးဆရာကြီး မောင်မိုးသူတို့မှ နာယကအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်၊ နီမိုလှိုင်တို့က အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါစာစောင်၌ အယ်ဒီတာအဖြစ် ပါဝင်မည့် ဆရာငြိမ်းသစ်မှ "စာစောင်ရဲ့ နာမည်ကို "ဒီလှိုင်း"လို့ ပေးထားပါတယ်။ ဒီမိုကရေစီရဲ့ လှိုင်းတွေလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲဒါ ထုတ်ဝေခွင့်ရတာနဲ့ ပြည်သူတွေ အကျိုးရှိစေဖို့ ကျွန်တော်တို့လည်း လုပ်မယ်။ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေလည်း ၀ိုင်းရေးကြလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

ပါတီစာစောင်၌ ပါတီမူဝါဒနှင့် လှုပ်ရှားမှုများ၊ ပါတီစတင်တည်ထောင်စ ကာလမှ ယနေ့အထိ လုပ်ဆောင်မှုများ၊ ဆောင်ရွက်ချက်များ၊ ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းနှင့် နိုင်ငံရေးပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်သုံးသပ်ချက်များ ပါဝင်မည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးအုန်းကြိုင်မှလည်း "ဒီစာစောင်ကို ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ ထုတ်ဝေဖြန့်ချိသွားမှာပါ" ဟု ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

ခန့်ခန့်(မောရ၀တီ)

{NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၆)၊ ၂၇-၁၂-၂၀၁၁၊ အင်္ဂါ
မှ ကူးယူဖော်ပြသည်}

22 December 2011

Association of Myanmar Poets (A.M.P)

Association of Myanmar Poets (A.M.P)
မြန်မာနိုင်ငံကဗျာဆရာများအသင်း
ဖွဲ့စည်းရေး မန္တလေးမှာ စည်းဝေး


From Historic Poems


နေရာ - မင်းသီဟ (၇၈ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား)
အချိန် - နေ့ ၁ နာရီ
နေ့ရက် - ၂၁၊ ၁၂၊ ၂၀၁၁

From Historic Poems


မြန်မာနိုင်ငံကဗျာဆရာများအသင်း (Association of Myanmar Poets (A.M.P)) ဖွဲ့စည်းရေးအတွက် ရန်ကုန်မှ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကဗျာဆရာ မောင်စိမ်းနီနှင့် ရန်ကုန်မှ ခရမ်းပြာထက်လူ၊ မောင်ဖီလာ၊ ခန့်မင်းထက်၊ တပ်ဦးလ၊ မာန်ထက်သာစသည့် ကဗျာဆရာများ၊ မန္တလေးမှ ကဗျာဆရာ ပိုင်စိုးဝေ၊ ကိုငြိမ်း(မန္တလေး)၊ မောင်သင်းပန်၊ နေမျိုး၊ မောင်တင်သစ်၊ မောင်နီဦး၊ ဇော်ထိန်၊ ဥက္ကာကျော်၊ မော်မင်းသန်း၊ မောင်နိုင်လင်း(ကောလင်း)၊ နေညိုအောင်၊ ကိုအောင်၊ မိုသျှန်း၊ စံညိမ်းဦး၊ သာဇော်၊ ရိုးဒီ၊ ဈန်လွင်၊ အလတ်ကောင်၊ ညီမိုးအေး၊ မင်းနဒီခ၊ အိုက်လူအောင်၊ ထွဏ်းသွေးအိမ်၊ ထွဏ်းလွင်သွယ်(ဆူးဖြူရိပ်)၊ ထူးညို၊ မင်းချမ်းငြိမ်း စသည့်ကဗျာဆရာများ၊ ကျောက်ဆည်မှ လင်းခါး၊ ရေဦးမှ ကျော်ရင်မောင်(ရေဦး)၊ ပြည်မှ တိုးနှောင်မိုး စသည့်ကဗျာဆရာများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ပြင်ဦးလွင်မှ နွယ်စိမ်းဝေနှင့် တောင်ကြီးသို့ ခရီးထွက်နေသည့် မိုးရင့်ကြယ်တို့ကလည်း တယ်လီဖုန်းဖြင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။

မန္တလေးမှ စာရေးဆရာ ခင်အောင်ဝင့် နှင့် အခြားစာရေးဆရာများ၊ ကဗျာချစ်သူများ၊ သတင်းသမားများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စိမ်းရောင်စိုဥက္ကဌ ကဗျာဆရာ အယ်ဒီတာ မောင်တင်သစ် (ဂျင်းအင်္ကျီ အပြာနှင့်)
From Historic Poems


From Historic Poems


From Historic Poems


From Historic Poems

21 December 2011

Buddha Tooth, General Aung San & Daw Aung San Suu Kyi

မန္တလေး၊ ဗုဒ္ဓမြတ်စွယ်တော်၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်

From San & Suu


တရုတ်မှ မြန်မာပြည်သို့ ဒေသစာရီကြွချီလာသော ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်၌ ၁၆ ရက်၊ ရန်ကုန်၌ ၁၆ ရက် ကြာ အပူဇော်ခံပြီးနောက် ယခုအခါ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၌ (၈၊ ၁၂၊ ၂၀၁၁) မှ (၂၃၊ ၁၂၊ ၂၀၁၁) ထိ ၁၆ ရက်ကြာ အပူဇော်ခံလျက်ရှိပါသည်။

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၏ မြောက်ဘက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံတော်၊ စာအုပ်စာတမ်းများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD များ၊ မူဗီကလစ် VCD များ သူ့ထက်ငါ အပြိုင်ရောင်းချလျက်ရှိပါသည်။

From San & Suu


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ၁၅၀၀ ကျပ်ထိ ဈေးအမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ရောင်းချနေပြီး မိန့်ခွန်း VCD/CD များနှင့် မူဗီကလစ် VCD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရသည်။

From San & Suu


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD၊ မူဗီကလစ် VCD များ ရောင်းသူဈေးသည်များမှာ ၂၀ ယောက်ကျော်မက ရှိပြီး အ၀ယ်လိုက်လျက် ရှိကြောင်းလည်း သတင်းရရှိပါသည်။

ညိုကြီး


www.facebook.com/nyogyi